ရန်ကုန်မြို့နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် မြစ်ကူးတံတားစီမံကိန်း တည်ဆောက်မှုမှာ ၈ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဝေအောင်၏ ပြောကြားချက်အရ သိရသည်။
လက်ရှိတွင် ပင်မရေလယ်တိုင်ဘိုးပိုင်တူးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီး ရန်ကုန်နှင့် ဒလဘက်ခြမ်း၌ ယာယီတံတားထိုးခြင်းလုပ်ငန်း၊ လုပ်ငန်းခွင်ဧရိယာ Working Platform တည်ဆောက်ခြင်း လုပ်ငန်းများ ပြီးစီးနေပြီဖြစ်သည်။
ဒလဘက်ခြမ်း PY ၊ ပင်မရေလယ်တိုင်ကို အကျယ် ၂ ဒသမ ၅ မီတာ၊ အနက်အရှည် မီတာ ၁၁၀ ဖြင့် တည်ဆောက်မည်ဖြစ်ပြီး ရန်ကုန်ဘက်ခြမ်း၌ PY 2 ပင်မရေလယ်တိုင်ကို အကျယ် ၂ ဒသမ ၅ မီတာ၊ အနက်အရှည် ၁၀၆ မီတာဖြင့် တည်ဆောက်မည်ဖြစ်သည်။ ပင်မရေလယ်တိုင်တစ်တိုင်စီလျှင် ဘိုးပိုင် ၂၃ လုံးတူးရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်းကို တောင်ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတားအဖြစ် တည်ဆောက်နေခြင်းဖြစ်ပြီး စီမံကိန်းဆောင်ရွက်နေစဉ်အတွင်း ဖြတ်သန်းသွားလာမည့် ပင်လယ်ကူးသင်္ဘောများ၊ ကုန်တင်သင်္ဘောများ၊ စက်တပ်သမ္ဗန်များ၊ ငါးဖမ်းလှေငယ်များဖြတ်သန်းသွားလာရန် မြစ်လယ်၌ မီတာ ၃၀၀ အကျယ် ရေလမ်းကြောင်း သတ်မှတ်၍ အချက်ပြမီးဗော်ယာ အစိမ်းနှစ်လုံးကို တစ်လုံးလျှင် မီတာ ၂၀၀ အကွာထားရှိ ဆောင်ရွက်ပေးသည့်အတွက် သင်္ဘောများအနေဖြင့် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်းသာ ဖြတ်သန်းသွားလာရမည်ဖြစ်ကြောင်း သိရသည်။