ဆောက်လုပ်ရေးဝန်ကြီးဌာနကပြောထားရာတွင် ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နှစ်ဦးသဘောတူစာချုပ် ဒုတိယမူကြမ်းကို ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
အစိုးရအာမခံချက်တွေညှိနေကြောင်း၊လကုန်တွင် ဦးဆောင်ကော်မတီအစည်းအဝေးလုပ်မည်ဖြစ် ကြောင်း၊အစိုးရဘက်က ဘယ်လိုအာမခံချက်ပေးမလဲဆိုတာနှင့် ရင်းနှီးမြှုပ်နှံသူဘက်က ဘယ်လိုထည့်ဝင်မလဲ ဆွေးနွေးမှုလုပ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးပြောထားကြောင်းသိရသည်။
အောက်တိုဘာတွင်တည်ဆောက်မည့် ကုမ္ပဏီကို အပြီးသတ်ရွေးချယ်မှာဖြစ်ပြီး လက်ရှိတွင် ဆန်ခါတင်ရွေးချယ်ထားသည့် ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရာတွင် ရန်ကုန်မိုးပျံလမ်းစီမံကိန်း အပိုင်း(၁)အတွက် မြန်မာအပါအဝင် ခုနစ်နိုင်ငံမှ ဆန်ခါတင် လျှောက်လွှာ ၁၂ စောင်ရရှိထားပြီး လျှောက်လွှာများကိုပြန်လည်စိစစ်ရာတွင်အရည်အသွေး ပြည့်မီသည့်ကုမ္ပဏီ ၁၀ ခုစာရင်း ကို ၂၀၁၈ ဒီဇင်ဘာ ၅ ရက်က ကြေညာခဲ့ကာယှဉ်ပြိုင်မည့် ကုမ္ပဏီ ၁၀ ခုတွင် တရုတ်ကုမ္ပဏီငါးခုနှင့်ပြင်သစ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း-တရုတ်ဖက် စပ်ကုမ္ပဏီ၊ မြန်မာဖက်စပ် ကုမ္ပဏီတို့ပါဝင်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရတို့ ပူးပေါင်းပြီး ယာဉ်ကြောကျပ်တည်းမှု လျှော့ချနိုင်ရန်ရည်ရွယ်ထားသည့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကို ၂၀၂၀ ဇူလိုင်တွင် စတင်ရန်စီစဉ်ထားပြီး အမြန်လမ်းစီမံကိန်းသည် အရှည် ၄၇ ဒသမ ၅ ကီလိုမီတာရှိပြီး အပိုင်း(၁)အဖြစ် အရှေ့ဘက်အခြမ်း လေးလမ်း သွားလမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့်အနောက်ချိတ်ဆက်ထားသောလေး လမ်းသွားခြောက်ကီလိုမီတာ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီ တာအရှည်ရှိ ကာ စီမံကိန်းအတွက်ကုန်ကျငွေ ကန်ဒေါ်လာသန်း ၈၀၀ ရှိမည်ဖြစ်ပြီး သုံးနှစ်အတွင်း ပြီးစီးမည်ဟု ခန့်မှန်းထား ကြောင်းသိရသည်။