ရန်ကုန်ဆေးရုံကြီး အဆင့်မြင့်တိုးချဲ့ခုနစ်ထပ်ဆောင် ဆေးပညာသင်ကြားရေးခန်းမ ထည့်သွင်းတည်ဆောက်မည်


16 November, 2019

ရန်ကုန်ဆေးရုံကြီး အဆင့်မြင့်တိုးချဲ့ခုနစ်ထပ်ဆောင်တွင် ရောဂါရှာဖွေရေးဌာနများနှင့် ဆေးပညာသင်ကြားရေးခန်းမများပါ ထည့်သွင်းတည်ဆောက်မည် ဖြစ်သည်။

ပြန်လည်တည်ဆောက်နေသည့် ရန်ကုန် ဆေးရုံကြီးအဆင့်မြင့်တိုးချဲ့ ခုနစ်ထပ်ဆောင်တွင် ဆေးကုသဆောင်များအပြင် ရောဂါရှာ ဖွေရေးဌာနများနှင့် ဆေးပညာသင်ကြားရေး ခန်းမများပါ ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သိရသည်။

အဆင့်မြင့်တိုးချဲ့ ခုနစ်ထပ်ဆောင်ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၂ ရက်က ဆောက်လုပ်ရေး ဝန်ကြီးဌာနကလုပ်ငန်းများ ပြန်လည်စတင် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုးချဲ့ဆောင်တွင် ဓာတ်မှန်နှင့်ပုံရိပ်ဖော်ရောဂါရှာဖွေရေး ဌာန၊ ရောဂါဗေဒဌာန၊ဆေးကုသဆောင်များ၊ သီးသန့်လူနာဆောင်များ၊ဆေးပညာသင်ကြား ခန်းမများ ပါဝင်တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်ပြီးစီး၍ ဝန်ကြီးဌာနသို့ လွှဲပြောင်းပြီးနောက်လပိုင်းအတွင်း စတင်လည်ပတ်၍ ဝန်ဆောင်မှု ပေးအပ်နိုင်ရန် လူအင်အားနှင့်ပစ္စည်းအင်အားများ ကြို တင်ပြင်ဆင်ထားရှိရန်၊စီမံခန့်ခွဲအုပ်ချုပ်မှု၊ ဆေး နှင့်ဆေးပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍ ဆွေးနွေးပြင်ဆင်ထားရှိရန် စသည်တို့ကို ဆေးပညာကုသရေးဆိုင်ရာရှုထောင့်မှ မှာ ကြားခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး ဗဟိုအဆင့် ဆေးရုံကြီးဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသည် ခုတင်၂၀၀၀ ဆံ့ သင်ကြားရေးဆေး ရုံဖြစ်ရာ နေ့စဉ်အတွင်းလူနာ ၁၈၀၀ ခန့်၊ ပြင်ပ လူနာ ၈၀၀ မှ ၁၂၀၀ ခန့်အထိဆေးကုသမှုခံယူလျက်ရှိပြီး တစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံကြီး များအားလုံးတွင် တစ်နှစ်လျှင် ပြင်ပလူနာပေါင်း ကိုးသန်းကျော်၊ အတွင်းလူနာပေါင်း နှစ်သန်း ကျော်ထိတက်ရောက်ကုသနေခြင်းကြောင့် အဖြစ်များသောရောဂါကြီးများ( နှလုံး၊ ကျောက် ကပ်၊အသည်းရောဂါ)အတွက် အထူးကုဌာန ကြီးများကို သီးခြားစီအဆောက်အအုံများအဖြစ် ထားရှိဖွင့်လှစ်နိုင်ရန် စီစဉ်လုပ်ဆောင် နေခြင်းဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ရရှိသည့်အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် တစ်နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံကြီးများတွင် တက် ရောက်ဆေးကုသခဲ့သည့် ပြင်ပလူနာပေါင်းကိုး သန်းကျော်၊ အတွင်းလူနာပေါင်း ၂ဒသမ၅ သန်းကျော်တို့ကို ကျန်းမာရေးစောင့်ရှောက်မှု များပေးခဲ့ကြောင်းနှင့် ဆေးကုသမှုခံယူသူ လူနာဦးရေ နှစ်စဉ်မြင့်တက်လျက်ရှိသည့်အတွက်ပြည်သူ့ဆေးရုံကြီးများကို အဆင့်မြှင့်တင်လျက်ရှိကြောင်းလည်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန်လျင်၊ လှိုင်သာယာ၊ အင်းစိန်၊ မြောက်ဥက္ကလာ ပနှင့် သင်္ဃန်းကျွန်းဆေးရုံကြီးများကို ယခင်ကထက် အဆင့်မြှင့်တင်နေပြီး အရေးပေါ်လူနာကယ်ဆယ်ရေးလုပ်ငန်းအတွက် လိုအပ် သောလူအင်အား၊ စက်ပစ္စည်းများကိုလည်း တိုးချဲ့လုပ်ဆောင်ပေးလျက်ရှိကြောင်းနှင့် ရန် ကုန်တိုင်းဒေသကြီးတွင် အထူးကုဆေးရုံပေါင်း ၁၄ရုံ၊သင် ကြားရေးဆေးရုံသုံးရုံ၊ ခုတင်၅၀၀ ဆံ့ နှစ်ရုံ၊ ခုတင်၂၀၀ ဆံ့လေးရုံ၊ ခုတင် ၁၀၀ ဆံ့ ဆေးရုံတစ်ရုံ၊ခုတင် ၅၀ ဆံ့နှင့် ၂၅ ခုတင်ဆံ့ ဆေးရုံ ၁၁ ရုံစီ၊ ၁၆ ခုတင်ဆံ့ ဆေးရုံလေးရုံ၊ တိုက်နယ်ဆေးရုံ ၃၃ ရုံရှိပြီး စုစုပေါင်းဆေးရုံ ၈၃ ရုံ ရှိ ကြောင်း၊ ခွင့်ပြုခုတင်စုစုပေါင်း ၁၁၄၃၅ ခုတင်ရှိကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျေးလက်ကျန်းမာရေးဌာနပေါင်း ၁၇၇၈ ခု ဆောက်လုပ်ထားပြီးကျေးလက်ကျန်းမာရေးဌာနခွဲပေါင်း ၉၀၈၃ခု ရှိကြောင်း သိရ သည်။

၂၀၁၅ ခုနှစ်မှစ၍ ရန်ကုန်ပြည်သူ့ဆေး ရုံကြီးကို ဘက်စုံအဆင့်မြှင့်တင်မှုများဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုခုတင်၁၅၀၀ ဆံ့ ဆေးရုံမှခုတင်၂၀၀၀ ဆံ့ဆေးရုံအဖြစ် အဆင့် တိုးမြှင့်သတ်မှတ်ခဲ့သည်။

ဆေးရုံအဆင့် တိုးမြှင့်ခြင်းနှင့် ကိုက်ညီစေရန် ဝန်ထမ်းအင် အားဖွဲ့စည်းပုံကိုလည်း ဆေးရုံအုပ်ကြီးမှအ စပြု၍ အခြေခံဝန်ထမ်းအထိ နှစ်ဆတိုးမြှင့် ကာပြုပြင်ပြောင်းလဲခဲ့ရာ ဆေးကုသမှုများအ တွက် အထူးကုဌာနများကိုလည်း ဌာနပေါင်း ၃၀ ကျော်အထိတိုးမြှင့်ခဲ့ပြီးဖြစ်သည်။

၂၀၁၅ ခုနှစ်အတွင်း က ဆေးရုံကြီး၊ ပင်မဆောင်တစ်ခု လုံးအားပြုပြင်မွမ်းမံမှုများပြုလုပ်ခဲ့ရာပြုပြင် စရိတ် ကျပ်သန်းပေါင်းနှစ်ထောင်ကျော် ကုန် ကျခဲ့သည်ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

 

Local Read 189 times