ရန်ကုန်မြို့မှ ထင်ရှားပေါ်လွင် ရှေးဟောင်း အဆောက်အအုံပေါင်း ၁ဝဝ ကျော် အပြာရောင်ကမ္ပည်းပြားတပ်မည်


11 December, 2019

ရန်ကုန်မြို့အတွင်း၌ရှေးဟောင်း အဆောက်အအုံပေါင်း ထောင်ဂဏန်းခန့် ရှိသော်လည်း ယင်းတို့အနက် ထင်ရှားပေါ်လွင်သည့် အဆောက်အအုံပေါင်း ၁ဝဝ ကျော်ရှိ ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့စီမံချက်အရာရှိ  ဦးသူရိန်အောင်၏ ပြောပြချက်အရ သိရသည်။

''ကျွန်တော်တို့အနေနဲ့ အပြာရောင်ကမ္ပည်းပြား တပ်ဆင်ရာမှာ သမိုင်းအမွေအနှစ်နဲ့ ဗိသုကာ လက်ရာတွေအရ ထူးခြားတဲ့ အဆောက်အအုံတွေနဲ့ နေထိုင်သူတွေရဲ့ သမိုင်းဆိုင်ရာ ကျော်ကြားမှုတွေအရ ရွေးချယ်ပြီးတော့ ဦးစားပေး တပ်ဆင်နေတာပါ။ ဒီလို လုပ်ဆောင် ရာမှာလည်း   အလှူရှင်ရဲ့ ပံ့ပိုးမှုပေါ်မူတည်ပြီး ဆောင်ရွက်နေတာတွေရှိသလို အဲဒီအဆောက်အအုံနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်း အချက်အလက်တွေကို  စုဆောင်းတာတွေ   လုပ်ဆောင်တဲ့ အပိုင်းလည်း ရှိပါတယ်''ဟု ဦးသူရိန်အောင် ကပြောသည်။

ယခုနောက်ပိုင်းတွင်  မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အသိပညာများနှင့် ပတ်သက်၍   ကျယ်ပြန့်လာသည့် အခြေအနေမျိုး ရှိလာပြီး တက္ကသိုလ် တချို့၌လည်း မြို့ပြအမွေအနှစ်နှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများ လုပ်ဆောင်လာကြောင်း သိရသည်။

''အပြာရောင်ကမ္ပည်းပြား တပ်ဆင်တာကိုတော့ မြန်မြန်နဲ့များများ တပ်ဆင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါတွေက ထိန်းသိမ်း စောင့်ရှောက်ဖို့လိုပါတယ်။ ကျွန်တော်တို့က အပြာရောင် ကမ္ပည်းပြား တပ်ဆင်ရုံတင် မဟုတ်ဘူး၊ အဲဒီအဆောက်အအုံရဲ့ သမိုင်းကြောင်းကို လူတွေပြန်ပြီး သိလာအောင်လည်း ဆောင်ရွက်နေပါတယ်''ဟု ဦးသူရိန် အောင် ကပြောသည်။

ရန်ကုန်မြို့ပြအမွေအနှစ်    ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့သည်    ရန်ကုန်မြို့၌ မြို့ပြအမွေအနှစ် အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်မှုကို ၂ဝ၁၄ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ကာ လက်ရှိကာလအထိ ၂၉ ခုမြောက် တပ်ဆင်ခဲ့ပြီး ဖြစ်သည်။  ရန်ကုန်မြို့သို့   အလည်အပတ်ရောက်ရှိလာသည့် နိုင်ငံခြားခရီးသွား ဧည့်သည်များမှာ  မြို့ပြ အမွေအနှစ်ဆိုင်ရာ ရှေးဟောင်း အဆောက်အအုံများကို စိတ်ဝင်တစား လေ့လာကြည့်ရှု ပြီး  ဓာတ်ပုံရိုက်မှတ်တမ်းတင်မှုများ လုပ်ဆောင်လေ့ရှိကြောင်း   သိရသည်။  

Source: Myawaddy

Local Read 74 times