Yangon International Airport Development Project


06 December, 2020

နိုင်ငံတကာ လေကြောင်း အတက်အဆင်း ပိုမိုအဆင်ပြေစေရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို နောက်ထပ် အဆင့်မြှင့်တင် မွမ်းမံလျက်ရှိကြောင်း Airport Council International ၏ airport-world.com သတင်းဝက်ဘ်ဆိုက်က ရေးသားသည်။

        အဆိုပါ မွမ်းမံမှုအတွက် အဓိက ကိုင်တွယ်ဆောင်ရွက်နေသူ ရန်ကုန်လေဆိပ် ဝန်ဆောင်မှု ကုမ္ပဏီ Yangon Aerodrome Company Limited –YACL က ၎င်း၏ နိုင်ငံတကာ လေကြောင်းလိုင်းကွန်ရက် ဖွံ့ဖြိုးရေး အတွက် ဈေးကွက်ဆိုင်ရာ ကြိုးပမ်းမှု ခြေလှမ်းများကို အကောင်အထည် ဖော်နေကြောင်းလည်း သတင်းက ဆိုသည်။

        လတ်တလော ၅ နှစ်တာ ကာလအတွင်း ၂၀၁၈ ခုနှစ်သည် လေကြောင်းခရီးသည် ရောက်ရှိလာမှုနှုန်း အနှေးကွေးဆုံး ဖြစ်ကြောင်း ကိုမူ အဆိုပါကုမ္ပဏီက ဝန်ခံသည်။

        ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၀၁၈ ခုနှစ်အတွက် ယခင် သီတင်းပတ် အကုန်အထိ ခရီးသည် ၅ သန်း ရောက်ရှိလာခဲ့ပြီး ယခုနှစ် အကုန်ပိုင်းအထိ ခရီးသည် ၆ သန်း (+၂.၅ %) ဝန်းကျင်ကို လေဆိပ် အနေဖြင့် နိုင်နိုင်နင်းနင်း ဝန်ဆောင်မှု ပေးနိုင်ရန် လျာထား ကြောင်း သိရသည်။

        သို့ရာတွင် ပြီးခဲ့သည့် ၅ နှစ်ကျော် အတွင်း မြန်မာနိုင်ငံတွင် ခရီးသည် အဝင်အထွက် အများဆုံး လေဆိပ် ၃ ခု ရှိသည့်အနက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လာရောက်သူနှုန်းမှာ တနှစ်လျှင် ၈ ဒသမ ၆ ရာခိုင်နှုန်း တိုးခဲ့သည်။

        ၂၀၁၈ ခုနှစ်တွင် အာရှခရီးသွား ဈေးကွက်မှ လာရောက်သည့် ခရီးသည် အရေအတွက်မှာ တိုးလာခဲ့ သော်လည်း ဥရောပနှင့် မြောက်အမေရိက ဈေးကွက်အတွက် ရခိုင်ပြည်မြောက်ပိုင်း အကြောင်း ပြည်ပ မီဒီယာများ ထုတ်လွှင့်ချက်၏ အကျိုးသက်ရောက်မှု ရှိနေခဲ့ကြောင်း YACL က ပြောသည်။

“ခရီးသွား လာရောက်မှုက နှေးကွေးနေတုန်းမှာ ကျနော်တို့အနေနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ စွမ်းရည်နဲ့ စွမ်းဆောင်နိုင်မှုကို တိုးချဲ့နေဆဲပါပဲ။ ဈေးကွက် အသစ်တွေ ဖွင့်နိုင်ဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်”

ဟု YACL ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဟိုချီတောင်က ပြောသည်။

“ခရီးသွားလုပ်ငန်း၊ မြန်မာလူမှု အသိုင်းအဝိုင်းနဲ့ မြန်မာအစိုးရဘက်က သင့်တော်တဲ့ Stakeholder တွေနဲ့ မိတ်ဖက်အဖြစ် လက်တွဲပြီးတော့ ၂၀၁၉ ခုနှစ် လေကြောင်းခရီးသည် ဝင်ထွက်သွားလာမှုဟာ ၂၀၁၈ ခုနှစ်ထက် ကျော်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်”

ဟု သူက ဆိုသည်။

“မြန်မာနိုင်ငံရဲ့ အဓိက အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွက် လှုပ်ရှား လည်ပတ်သူနဲ့ ရင်းနှီးမြှုပ်နှံသူအဖြစ် ကျနော်တို့မှာ လုံခြုံစိတ်ချမှုနဲ့ ဝန်ဆောင်မှု အဆင့်မြှင့်ဖို့ အခြေခံ အဆောက်အဦ တိုးတက်စေရေး တာဝန် ရှိပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ မြန်မာပြည်ရဲ့ ဝင်ပေါက်ဖြစ်ပြီးတော့ တိုးရစ်နဲ့ စီးပွားရေးအတွက် လာသူတွေအတွက် ထူးခြားတဲ့ အတွေ့အကြုံတွေ ဖန်တီးပေးဖို့ အရေးကြီးပါတယ်”

ဟု သူက ဆက်ပြောသည်။

        YACL ကုမ္ပဏီသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလက ရန်ကုန် လေဆိပ်၏ လှုပ်ရှားလည်ပတ်မှုနှင့် စီမံခန့်ခွဲတာဝန်ကို လေကြောင်း ဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တင်ဒါစနစ်ဖြင့် အများပိုင် – ပုဂ္ဂလိကပိုင် မိတ်ဖက်အဖြစ် လွှဲပြောင်းရယူခဲ့သည်။ အဆိုပါ လုပ်ကိုင်ခွင့်မှာ နှစ် ၃၀ သဘောတူညီချက် ဖြစ်ပြီး နောက်ထပ် နှစ် ၂၀ (၁၀+၁၀) သက်တမ်းတိုး ပြင်ဆင်နိုင်သည်။

        ၂၀၁၈ ခုနှစ်တွင် ခရီးသွားလာရောက်မှု ၆ သန်းနှင့် ထင်ရှားသည့် ရင်းနှီးမြှုပ်နှံမှု အချက်အလက်များအပေါ် အခြေခံ၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် လက်ရှိရေးဆွဲထားသည့် ဒီဇိုင်း စွမ်းရည်အောက်တွင် ကောင်းစွာ လှုပ်ရှားလည်ပတ်နေ ကြောင်း သိရသည်။

        အဆိုပါ လေဆိပ်၏ အခြေခံအဆောက်အအုံကို ထပ်ဖြည့်မွမ်းမံရာတွင် လေဆိပ် လည်ပတ်မှု ထိန်းချုပ်ရေး ဌာန (AOCC) ကို A320 နှင့် B737 ဂျက်လေယာဉ်များ အတွက် လေယာဉ်ပေါ်မှ ခရီးသည် အတင်အချ ပြုလုပ်နိုင်သော Apron A ၈ နေရာ (သို့မဟုတ်) ပန်ကာတပ် လေယာဉ်များအတွက် Apron A ၁၀ နေရာ၊ လေယာဉ်ပြေးလမ်း နှစ်ခု၊ Terminal 1 ၌ ရောက်ရှိကြောင်း စာရင်းသွင်း (Check-in) ကောင်တာသစ် ၁၀ ခု တို့နှင့် ဖွဲ့စည်းထားပြီး ဝန်စည်စလှယ် ရွေးသည့်နေရာသစ် ၅ ခု၊ နားနေခန်း အသစ်များနှင့် စားဖျော်ဆိုင်သစ် များ ပါဝင်သည်။

“ကျနော်တို့က အခြေခံအဆောက်အအုံ၊ ဘေးကင်း စိတ်ချရရေးနဲ့ စွမ်းဆောင်ရည်ပြည့် လုပ်ငန်းစဉ်တွေကို ဆက်လက် တိုးတက်အောင် ဆောင်ရွက်နေပါတယ်”

ဟု YACL ၏ လုပ်ငန်း ဆောင်ရွက် အရာရှိချုပ်အဖြစ် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက ခန့်အပ်ခံရသူ ဂျိုစီအန်ဂျီဂျာက ပြောသည်။

“ရန်ကုန်လေဆိပ်ဟာ အခုဆိုရင် B777-300ER နဲ့ A350 လေယာဉ် အမျိုးအစားအပါအဝင် ကိုယ်ထည် ကြီးမားတဲ့ လေယာဉ်ကြီးတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့ အနေအထား ရောက်ပါပြီ။ လက်ရှိ စွမ်းဆောင်ရည် အနေနဲ့ ပြေးလမ်း တခုတည်းနဲ့တောင် နှစ်ပေါင်းများစွာ ထပ်တိုးချဲ့ဖို့ လိုအပ်ပါသေးတယ်”

ဟု သူကဆိုသည်။

“နောက်ထပ် တိုးချဲ့ဖို့က တီထွင်ဆန်းသစ်မှု၊ နည်းပညာ အဆင့်မြှင့်တင်ရေးနဲ့ အတူ ရန်ကုန်လေဆိပ်အတွက် နောက်ထပ် စွမ်းဆောင်ရည် တိုးတက်ဖို့ အလားအလာတွေ ရှိနေပါတယ်”

ဟု သူက ဆက်ပြောသည်။

        ရန်ကုန်လေဆိပ်တွင် တနှစ်လျှင် လေယာဉ် အတက်အဆင်း ပြုလုပ်မှုပေါင်း ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလက ၆၂၉၃၇ ကြိမ် ရှိရာမှ လက်ရှိတွင် ၇၇၀၀၀ ကြိမ်ရှိသဖြင့် (+၁.၂) ရာခိုင်နှုန်း တိုးတက်လာကြောင်း အန်ဂျီဂျာက မှတ်ချက်ချသည်။ သို့သော် လေယာဉ်ပြေးလမ်း တခုတည်းစီရှိသည့် ကမ္ဘာပေါ်ရှိ အရေးပါသည့် လေဆိပ်များနှင့် နှိုင်းယှဉ်သော် အိန္ဒိယနိုင်ငံ မွန်ဘိုင်း-ချဟာထရာပတီ လေဆိပ်မှာ တနှစ်လျှင် လေယာဉ် အတက်အဆင်းနှုန်း ၃၂၀၀၀၀ ကြိမ်ရှိပြီး တရုတ်နိုင်ငံ ရှီယားမန်းလေဆိပ်မှာ ၁၉၂၀၀၀ ကြိမ်ရှိသဖြင့် ရန်ကုန် လေဆိပ်၏ လက်ရှိအတက်အဆင်း ကိုင်တွယ်နိုင်စွမ်းက နိမ့်ကျနေဆဲဖြစ်သည်။

        လက်ရှိ ထိန်းသိမ်း လက်ခံနိုင်စွမ်းနှင့် နိုင်ငံတကာစံချိန်ကို အခြေခံ၍ မြန်မာနိုင်ငံ၏ လေကြောင်း ထိန်းချုပ်မှု စနစ်ဖြင့် ဆိုက်ရောက်ရာ၊ ထွက်ခွာရာ လမ်းကြောင်းနိုင်မှု အဓိက အာရုံစိုက်၍ ရန်ကုန်လေဆိပ်သည် တနှစ်လျှင် လေယာဉ် အတက်အဆင်းနှင့် အရွှေ့အပြောင်း ကြိမ်ရေပေါင်း ၁၇၀,၀၀၀ အထိ ကိုင်တွယ် ထိန်းသိမ်းနိုင်မည်ဟု အလားအလာ ရှိကြောင်း ယုံကြည်ရသည် (သို့မဟုတ် တနာရီလျှင် ၁၉ ကြိမ် တက်/ဆင်း နိုင်မှုကို လက်ရှိ ပျမ်းမျှ ၈ ကြိမ်သာ လုပ်နိုင်ခြင်းနှင့် နှိုင်းယှဉ်နိုင်သည်)။

“အခြေခံအဆောက်အအုံ၊ ဘေးကင်းစိတ်ချရေး၊ နည်းပညာ၊ ဝန်ဆောင်မှုအဆင့်နဲ့ တခြား အရေးကြီး ကိစ္စတွေကို ကျနော်တို့ အဆင့်မြှင့်တင် နေပါတယ်။ အနာဂတ်မှာ ရန်ကုန်လေဆိပ်ကို ကြီးကြပ်ကွပ်ကဲမယ့် မြန်မာ ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှု အဆင့်မြှင့်တင်တာလည်း ပါပါတယ်”

ဟု အန်ဂျီဂျာက ပြောသည်။

        ရလဒ်အနေဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် နောက် ၂ နှစ် သို့မဟုတ် ၃ နှစ်တွင် ဘိုးအင်း ၇၃၇ ကဲ့သို့ 13 Code C လေယာဉ်ကြီးများ ဆိုက်ရောက်ရန် နေရာ နောက်တခု၊ လေယာဉ်ပြေးလမ်းသို့ အမြန် ထွက်လမ်း နောက်တခု၊ လေယာဉ် ပြင်ဆင် ထိန်းသိမ်းရေး အဆောက်အဦ နောက်တခု၊ မီးသတ်ဌာန နောက်တခု၊ Terminal 2 ကို ပြန်လည်ပြင်ဆင်ခြင်းနှင့် နည်းပညာ မြှင့်တင်မှုများကို တိုးချဲ့နိုင်မည်ဖြစ်သည်။

        ယနေ့ ရန်ကုန် လေဆိပ်သည် နောက်ဆုံး ဝင်ရောက်လာသည့် တရုတ်နိုင်ငံမှ စီချွမ်အပါအဝင် လေကြောင်းလိုင်း ၃၁ လိုင်းအတွက် ဝန်ဆောင်မှု ပေးနေပြီး ယင်းလေကြောင်းလိုင်းများမှာ နိုင်ငံတကာ ဦးတည်နေရာ ၂၉ နေရာနှင့် ပြည်တွင်း ဦးတည်နေရာ ၂၈ နေရာတို့ အတွက် ဖြစ်သည်။

Infrastructure and Zones Read 120 times