ရန်ကုန်-မန္တလေးအမြန်လမ်းကို တစ်မိုင်လျှင် ကျပ်သိန်း ဘယ်လောက်သုံးပြီး နိုင်လွန်ကတ္တရာခင်းနေတာလဲ


10 December, 2020

 ယာဉ်တိမ်းမှောက်မှုများကြောင့် လူသေဆုံးမှုမကြာခဏဖြစ်သည့် ရန်ကုန်-မန္တလေးအမြန်လမ်းတွင် မိုင်တိုင် ၄၀ မှ မန္တလေးအထိ ဘတ်ဂျက်ရရှိမှုအပေါ်မူတည်ကာ တစ်မိုင်လျှင် ကျပ်သိန်း ၃၅၀ ခန့်သုံးပြီး နိုင်လွန်ကတ္တရာခင်းနေကြောင်း အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုအင်ဂျင်နီယာ

အဖွဲ့ထံမှ သိရှိရသည်။

 

        နိုင်လွန်ကတ္တရာခင်းကျင်းမှု ပုံစံမှာ အကျယ် ၂၅ ပေ၊ ထု ၈၇ ဒသမ ၅ မီလီမီတာ နှစ်လွှာစီချင်းခင်းကျင်းနေပြီး အမြန်လမ်းဘောနက်ကြီး မိုင်တိုင် အမှတ် ၄၀ မှ မန္တလေးမြို့ မိုင်တိုင် ၃၃၆ အထိ နှစ်အလိုက် ခင်းကျင်းသွားမည်ဖြစ်ကြောင်း၊ မိုင်တိုင် သုညမှ ၄၀ အထိကိုမှု ADB ၏ အကူအညီဖြင့် အဆင့်မြှင့်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။

 

        "နှစ်အလိုက် ဘတ်ဂျက်ပေါ်မှာ မူတည်ပြီး နိုင်လွန်ကတ္တရာ ခင်းကျင်းနေတယ်။ မနှစ်က ၁၂ မိုင် ခင်းပြီးသလို အခုနှစ် ၁၀မိုင်ခင်းခဲ့တယ်။ နောင်လာမယ့် ဘဏ္ဍာရေးနှစ်မှာ ၁၀မိုင်ခင်းဖို့ ပြင်ဆင်နေတယ်" ဟု အမြန်လမ်းအင်ဂျင်နီယာမှူးကြီး ဦးတိုးတိုးက ပြောကြားသည်။

 အမြန်လမ်း မိုင်တိုင် ၇၇ အနီးတွင် ယခုလ ၅ ရက်က High Class ခရီးသည်တင်ယာဉ်လိုင်းပိုင် ကလေး-ရန်ကုန်ပြေးဆွဲသော ခရီးသည်တင်ယာဉ်တိမ်းမှောက်ရာ အမျိုးသား၊ အမျိုးသမီး ၁၁ ဦး(ရဟန်း ၄ ပါးအပါအဝင်) သေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

 

        ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားနေသော ရန်ကုန်မန္တလေးအမြန်လမ်းမကြီးနှင့် ပတ်သက်ပြီး နိုင်ငံတကာအဆင့်မီ ကောင်းမွန်စေရေး ခရီးသွားပြည်သူများထံမှ ဝေဖန်အကြံပြုချက်များကို ၂၀၁၅ ခုနှစ်ခန့်က အမြန်လမိးတိုးဂိတ်များတွင် မေးခွန်းပုံစံစာရွက်များ ဖြန့်ဝေကာ အချက်အလက်များ ကောက်ခံခဲ့သည်။

 

        ၃၃၆ မိုင်ခန့်ရှိသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို ၂၀၀၈ ခုနှစ်တွင် နေပြည်တော်လမ်းပိုင်း၊ ၂၀၁၀ခုနှစ်တွင် နေပြည်တော်-မန္တလေးလမ်းပိုင်းအထိ စတင်ဖွင့်လှစ်ပြီး ၁၀ နှစ်ကျော်ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၅,၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး တစ်နှစ်လျှင် လူဦးရေ ၅၀ မှ ၇၀ အကြား သေဆုံးကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရှိရသည်။

Local Read 79 times