ရန်ကုန်မြို့သစ်အတွက် Master Plan ရေးဆွဲရာမှာ အခြေခံအုတ်မြစ် အချက် (၈) ချက်နဲ့ ဖော်ဆောင်ခဲ့တယ်လို့ New Yangon Development Company ကနေ သိရပါတယ်။
ဒီ (၈) ချက်ကတော့ ရန်ကုန်မြို့သစ်ကို Eco Friendly နေရာတစ်ခုအဖြစ် သဘာဝပတ်ဝန်းကျင်ကို ရေရှည်ထိန်းသိမ်းနိုင်ဖို့၊ လက်ရှိရန်ကုန်နဲ့ မြို့သစ်ကို ချိတ်ဆက်ပြီး ယဉ်ကျေးမှုရပ်ဝန်းတစ်ခုတည်ဆောက်ဖို့ ဖြစ်တယ်လို့ ဦးသိမ်းဝေရဲ့ အပတ်စဉ် စာစဉ် ၂၇ ထဲမှာ ထည့်သွင်းရေးသားထားပါတယ်။
မြို့ပြရဲ့ပြယုဂ်အဖြစ် အထင်ကရအဆောက်အအုံတွေ တည်ဆောက်ဖို့ ၊ အဆင့်မြင့်နည်းပညာကို အခြေခံတဲ့ အများပြည်သူသုံးဝန်ဆောင်မှုတွေအသုံးပြုဖို့နဲ့ နည်းဗျူဟာကျ စက်မှုဇုန်ဖွဲ့ တည်မှုစနစ် တည်ဆောက်ဖို့တို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင် မြို့သစ်အတွင်းသာမက အနီးပတ်ဝန်းကျင်မြို့နယ်တွေနဲ့ပါ ချိတ်ဆက်ထားမယ့် အများပြည်သူသယ်ယူပို့ဆောင်ရေးအကောင်အထည်ဖော်ဖို့၊ အဆင့်အတန်းမှီအိမ်ရာတွေဖော်ထုတ်ဖို့အပါအဝင်လိုအပ်တဲ့ တည်ဆောက်မှုတွေနဲ့ အနာဂတ်မြေယာရောင်းချမှုတွေကို တန်ဖိုးမကျစေရေး အဆင့်ဆင့်ဖော်ထုတ်ဖို့တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့သစ် Master Plan ရဲ့ ယာဉ်အသွားအလာနဲ့သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ မြို့သစ်တစ်ခုထဲအတွက် ရေးဆွဲထားတာမဟုတ်ဘဲ ပတ်ဝန်းကျင်ဧရိယာတွေနဲ့ အလွယ်တကူချိတ်ဆက်သွားလာနိုင်ရေးကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။
ရေလွှမ်းမိုးမှုလျှော့ချနိုင်ဖို့အတွက်လည်း ရှိရင်းစွဲချောင်းငယ်တွေကို အသုံးပြုသွားမှာဖြစ်ပြီး ရေတားတမံတွေလည်း တည်ဆောက်သွားမယ်လို့ ဦးသိမ်းဝေရဲ့ စာစဉ်ကဖော်ပြထားပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် Master Plan ရေးဆွဲရာမှာ လူဦးရေ ၁ ဒဿမ ၂ သန်းအတွက် လုံခြုံမှုရှိပြီး နေချင်စဖွယ်မြို့သစ်စီမံကိန်းဖြစ်အောင်ရေးဆွဲထားတယ်လို့ ဆိုပါတယ်။ စစ်တမ်းကောက်ယူခဲ့တဲ့ လူမှုစီးပွားပင်မစီမံချက်အရ ၂၀၅၀ ပြည့်နှစ်မှာ အလုပ်အကိုင်ပေါင်း ကိုးသိန်းကို ဖန်တီးပေးနိုင်ရေးကိုပါ ထည့်သွင်းရေးဆွဲထားတယ်လို့ ဦးသိမ်းဝေရဲ့ စာစဉ် ၂၇ ထဲမှာ ထည့်သွင်းရေးသားထားပါတယ်။