ကုန်တင်သင်္ဘောတွေ အလွယ်တကူ ကုန်တင်ကုန်ချပြုလုပ်နိုင်ဖို့ ရန်ကုန်မှာ မြစ်တွင်းဆိပ်ကမ်းတစ်ခုတည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။
လက်ရှိမှာ နယ်သာလန်နိုင်ငံ အကူအညီနဲ့ ရန်ကုန်မြစ်ရဲ့ ရေကြောင်းအခြေအနေကို လေ့လာနေပြီး ဆိပ်ကမ်းတည်ဆောက်လို့ရပါက ပရောဂျက်တစ်ခုအဖြစ် လွှတ်တော်မှာ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် တိုင်းအစိုးရက ရန်ကုန်ဆိပ်ကမ်းကို ပင်လယ်ဘက်ကို ရွှေ့ပြောင်းချင်ပေမယ့် ကုန်ကျစရိတ်ကြီးမားတာကြောင့် အခုလိုဆောင်ရွက်ရတာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ဆိပ်ကမ်းကို ပင်လယ်ဘက်မှာ ရွှေ့ပြောင်းတည်ဆောက်လိုက်ရင် လှိုင်းဒဏ်ကြီးမားခြင်းနဲ့ မုန်တိုင်းဒဏ်ကို ရန်ကုန်မြို့က တိုက်ရိုက်ထိခိုက်နိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
“ ကျွန်တော်တို့ ရန်ကုန်ရဲ့ မျက်နှာမူထားတဲ့ မုတ္တပင်လယ်ထဲမှာ ကျွန်းတွေဘာတွေမရှိပါဘူး။ အဲ့တော့ မုန်တိုင်းဒဏ်တို့ဘာတို့ဆိုရင် ကျွန်တော်တို့တိုက်ရိုက်ထိနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အဲ့ဒီဘက်မှာ ဆိပ်ကမ်းတည်ဆောက်မယ် ဆိုရင် စရိတ်တော်တော်ကြီးမယ့်အခြေအနေတစ်ခုဖြစ်ပါတယ်။” လို့ ဝန်ကြီးချုပ်ကပြောပါတယ်။
ပင်လယ်ထဲမှာ လှိုင်းကြီးပါက သင်္ဘောတွေပေါ်မှ ကုန်တင်ကုန်ချပြုလုပ်ဖို့ခက်ခဲပြီး လှိုင်းဒဏ်နဲ့ မုန်တိုင်းဒဏ်ကို ခံနိုင်မယ့် အကာအကွယ်တွေ တည်ဆောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် လတ်တလောမှာ လေ့လာမှုတွေပြုလုပ်နေပြီး ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ တိုင်းအစိုးရတို့ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Myanmar Builders Guide