အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံခန့် တန်ဖိုးရှိပြီး မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ အကြီးမားဆုံး အိမ်ရာစီမံကိန်းများအနက် တစ်ခုဖြစ်မည့် ရန်ကုန်ဘူတာကြီး
ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းကြီးအား ဆောင်ရွက်ရန် မြန်မာ၊ တရုတ်နှင့် စင်ကာပူလုပ်ငန်းများ ပေါင်းစည်းထားသည့် လုပ်ငန်းစုကို မြန်မာ့မီးရထားမှ ရွေးချယ်လိုက်သည်။
စင်ကာပူတွင် စာရင်းသွင်းထားသည့် Oxley Holdings က ယမန်နေ့ညတွင် ထုတ်ပြန်ချက်အရ အဆိုပါ လုပ်ငန်းစုတွင် မြန်မာနိုင်ငံမှ Min Dhama နှင့် တရုတ်နိုင်ငံမှ
Sino Great Wall တို့ ပါဝင်ပြီး စီမံကိန်းအတွက် နှစ်သက်ဖွယ် အဆိုပြုသူအဖြစ် ရွေးချယ်ခံထားရသည်ဟု ဖော်ပြထားသည်။
စင်ကာပူတွင် စာရင်းသွင်းထားသည့် Yoma Strategic Holdings နှင့် မြန်မာနိုင်ငံမှ First Myanamr Investment တို့ ပူးပေါင်းထားသည့် လုပ်ငန်းစုကို ဖြတ်ကျော်ကာ ရွေးချယ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။
Yoma နှင့် FMI နှစ်ခုလုံးမှာ စီးပွားရေးလုပ်ငန်းရှင် နှင့် ဆက်နွယ်နေသည်။
စီမံကိန်းအတွက် ရွေးချယ်ခံရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ရန်နှင့် ဥပဒေရေးရာများ စီမံဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်သည်ဟု Oxley ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စီမံကိန်းတွင် မီးရထားနှင့် အများသုံး သယ်ယူပို့ဆောင်ရေးစနစ်များ ပေါင်းစည်းထားသည့် ပို့ဆောင်ရေး ဗဟိုဌာနသစ်တစ်ခု ပါဝင်မည်ဖြစ်ပြီး အိမ်ယာနှင့် စီးပွားရေးလုပ်ငန်းများအတွက် နေရာများက ဝန်းရံထားမည် ဖြစ်သည်ဟု Oxley က ပြောကြားသည်။ စီမံကိန်း အကျယ်အဝန်းမှာ ၆၃ ဒသမ ၅ ဧကခန့် ရှိပြီး ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁ ဒသမ ၉ သန်း ဖန်တီးဖော်ဆောင်သွားမည် ဖြစ်သည်။
တင်ဒါအတွက် အဆိုပါလုပ်ငန်းစုအား ရွေးချယ်ရန် ဇန်နဝါရီ ၃၀ ရက်နေ့က ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု မြန်မာမီးရထား ဦးဆောင်ညွှန်ကြားရေးမှူး မှ
ပေးပို့သည့်စာတွင် ဖော်ပြထားကြောင်း ဖေဖော်ဝါရီ ၁၄ ရက်နေ့က Oxley ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ညှိနှိုင်းဆွေးနွေးမှုများ စတင်မည့်ရက်ကို Oxley ထံ မြန်မာ့မီးရထားက မကြာမီ အကြောင်းကြားမည်ဟုလည်း စာတွင် ဖော်ပြထားသည်။
ရန်ကုန်မြို့လယ်ရှိ ဖွံ့ဖြိုးမှုလုပ်ငန်း ဆောင်ရွက်ရခြင်း မရှိသေးသည့် နေရာတွင် အကောင်အထည်ဖော်မည့် စီမံကိန်းက ရန်ကုန်မြို့လယ်၏ မြောက်ဘက်ပိုင်းကို ပြောင်းလဲသွားစေမည်ဖြစ်သည်။
လက်ရှိတွင် ရထားလမ်းများနှင့် တစ်ထပ်အိမ်များသာရှိသည့် နေရာသို့ အထပ်မြင့်အဆောက်အအုံများ ရောက်ရှိလာစေမည် ဖြစ်သည်။
စီမံကိန်းကိန်းအား စိတ်ကူးပုံဖော်ထားသည့်ပုံကို Oxley က ထုတ်ပြန်ခဲ့ရာတွင် တောင်ဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြောက်ဘက်တွင် ဗိုလ်မင်းရောင်လမ်း၊ အနောက်ဘက်တွင် ဆူးလေဘုရားလမ်းနှင့်
အရှေ့ဘက်တွင် သိမ်ဖြူလမ်းတို့ကြားရှိ ဧရိယာအတွင်း အထပ်မြင့်အဆောက်အအုံ ၂၀ ခန့် ပါဝင်သည်ကို တွေ့မြင်ရသည်။ ထိုအဆောက်အအုုံများ၏
အလယ်တွင် ခေတ်လွန်ဒီဇိုင်းဖြင့် တည်ဆောက်မည့် ရထားဘူတာရုံသစ် ပါဝင်သည်။ ထိုဘူတာရုံသစ်ကို မြို့ပြအမွေအနှစ်စာရင်းဝင် လက်ရှိ ဘူတာကြီး အဆောက်အဦးဘေး ရထားလမ်းများ တည်ရှိသည့်နေရာတွင် တည်ဆောက်မည်ဖြစ်သည်။
မီးရထားဝန်ထမ်းများနှင့် မိသားစုများ အများစုပါဝင်သည့် လူ ၁ဝ,ဝဝဝ ခန့်အား ပြန်လည်နေရာ ချထားပေးရမည် ဖြစ်သည်။
အုပ်ချုပ်ရေးဝန်ထမ်းများအား တာမွေမြို့နယ်နှင့် ပြုပြင်ထိန်းသိမ်းရေးနှင့် အခြားဝန်ထမ်းများအား ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရှိ ရွာသာကြီးတွင် ပြန်လည်နေရာချထားပေးမည်ဟု မြန်မာ့မီးရထား တာဝန်ရှိသူတစ်ဦးက Frontier ကို ပြောကြားသည်။
စီမံကိန်းအတွက် တင်ဒါခေါ်ယူမှုက ဆောက်လုပ်ရေးလုပ်ငန်း အများအပြားကို ဆွဲဆောင်နိုင်ခဲ့သော်လည်း ကြန့်ကြာမှုများလည်း ရှိခဲ့သည်။
ရန်ကုန်ဘူတာကြီး မျက်စောင်းထိုး ရှိ အောင်ဆန်းကွင်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ အဆင့်မြှင့်တင်ပြင်ဆင်မှုများ ပြုလုပ်သွားရန် ယခုလအတွင်းပြန်လည် အပ်နှံသွားရမည်ဖြစ်ကြောင်း လည်း သိရသည်။
အောင်ဆန်းကွင်းအား နိုင်ငံတကာအဆင့်မီ ဖြစ်စေရန် မီတာ ၄ဝဝ အပြည့်ပါသော ပြေးလမ်းများနှင့် ပွဲကြည့်စင်များတိုးချဲ့မည်ဖြစ်ပြီး ပြင်ဆင်မှုအပိုင်းများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုပ်ဆောင်သွားမည် ဟု သိရသည်။
Source:Frontier and Pyi Myanmar