ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲရန်စီစဉ်နေသည့် မိုးပျံရထားကိစ္စနှင့် ပတ်သက်ပြီး တရုတ်ကုမ္ပဏီတစ်ခုက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ လာရောက်ရှင်းပြခဲ့သည်ဟု ပန်းဘဲတန်း မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောသည်။
" ပထမဆုံးအနေနဲ့ လွှတ်တော်မှာ ရှင်းလင်းပြတာ။ နာမည်က တရုတ်ကုမ္ပဏီပါ ။ နည်းပညာကတော့ ဂျာမနီရဲ့ နည်းပညာပါ။ ဘဏ္ဍာရေးနဲ့ စီမံကိန်း စီးပွားရေးကော်မတီကို သူတို့ပြောထားရင်းနဲ့ပို့ဆောင်ဆက်သွယ်ရေး စက်မှုလက်မှုကော်မတီကိုပါ တွေ့ပြီးရှင်းလင်းပြတာပါ ။ သူတို့စိတ်ကူးထားတဲ့ ဗီဒီယိုပြတယ် ။ နည်းပညာပိုင်းတွေတင်ပြတယ် ၊ ရန်ကုန်မြို့မှာရှိတဲ့ ခရီးသည်ပို့ ဆောင်ရေးနဲ့ ကုန် စည် ပို့ဆောင်ရေး ကိစ္စတွေနဲ့ ပတ်သက်လို့ သူတို့ဖြေရှင်းနိုင်တဲ့ ကိစ္စတွေတင်ပြတယ် ။ ရင်းနှီး မြှုုပ်နှံမှုအခြေအနေ တင်ပြတယ် " ဟု ၎င်းကပြောသည်။
ယင်းမိုးပျံရထားတည်ဆောက်ရန်အတွက် တစ်ကီလိုမီတာအား အမေရိကန်ဒေါ်လာ သန်း ၂၀ ကုန်ကျမည်ဖြစ်ကြောင်း ၊ ယင်းကုန်ကျစရိတ်သည် နည်းပညာ ၁၈၅ မျိုးအပေါ် ၌ အခြေခံထားကြောင်း ၊ ထို မိုးပျံရထားပြီးစီးပါက ကွန်တိန်နာများကိုလည်း ဆွဲပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း သွားသည်ဟု ဦးသန်းနိုင်ဦးက ဆိုသည်။
" ဆိပ်ကမ်းတွေ စက်မှုဇုန်တွေမှာ ကွန်တိန်နာတွေ ဆွဲမယ် ။ အားသာချက် တွေအကုန် လုံးပြောသွားတယ် ။ တည်ဆောက်ရေးကာလမှာ မြေသိမ်းတာတွေ နည်းမယ် ။ ပုဂ္ဂလိကနဲ့မြေတွေ ယူရတာနည်းမယ် ။ တချို့က မဖယ်ရဘူး ကွေ့ရှောင်သွားလို့ရ တဲ့ကိစ္စတွေ ၊ တည်ဆောက်ရေး ကာလတွေမှာလည်း အတိုဆုံးဆောင်ရွက်လို့ရတဲ့ကိစ္စတွေ ၊ ဖောင်ဒေးရှင်းကလွဲရင် ကျန်တာက သူတို့စက်ရုံက တပ်ဆင်ပေးမယ့် စနစ်တွေဖြစ်တဲ့အတွက်ကြောင့် မြန်မယ်ဆိုတဲ့ ကိစ္စတွေ ရှင်းလင်းသွားပါတယ် " ဟု ၎င်းကပြောသည်။
အဆိုပါ မိုးပျံရထားတည်ဆောက်ရခြင်းသည် ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန် ၊ အနာဂတ်ကာလတွင် ကွန်တိန်နာများကို မိုးပျံရထားဖြင့် သယ်ယူရန်၊ ထိုသို့ တည်ဆောက်ရန်အတွက် ပြည်ထောင်စု သို့တင်ပြမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ယင်းစီမံကိန်း ပြန်လည် ကျလာမှသာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် စီမံကိန်းထဲတွင် ထည့်သွင်းပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးသန်းနိုင်ဦးက ပြောဆိုသည်။
" ဒီစီမံကိန်းက ကျလာမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုအတွက် BOT နဲ့သွားမှာလား ၊ PP စနစ်နဲ့ သွားမှာလား ဆွေးနွေးကြရဦးမယ် ။ တကယ်လို့ စီမံကိန်းက လုပ်မယ်ဆိုရင် အခုလာတင်ပြတဲ့ ကုမ္ပဏီ တစ်ခုတည်းမဟုတ်ဘဲ အများထင်သာမြင်သာ ဖြစ်တဲ့ ပွင့်လင်းမြင်သာမှုရှိအောင် တင်ဒါစနစ် နဲ့ လုပ်ဆောင်သွားမှာပါ " ဟု ၎င်းက ဆိုသည်။