ရန်ကုန်တိုင်းဒေသကြီးတွင် ဖောက်လုပ်မည့် မိုးပျံရထားလမ်းနှင့် တူညီနိုင်ဖွယ်ရှိပြီး ၂၀၂၁ ခုနှစ်တွင် အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းစဉ်များ စတင်မည်ဟု သိရကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြား ထားပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဧပြီလ ၂၆ ရက် နေ့လည်ပိုင်း ၁ နာရီအချိန်က ရန်ကုန်တိုင်းလွှတ်တော်စီမံကိန်းကော်မတီသို့ မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် JICA မှ တာဝန်ရှိသူများက Yangon Urban Mass Rapid Transit-YUMRT မိုးပျံမြို့ပတ်ရထားလမ်း အကြောင်းရှင်းပြခဲ့ပြီး အဆိုပါလမ်းကို ရန်ကုန်အရှေ့အနောက်သို့ ပါရမီလမ်းကြောင်းအတိုင်း ပြေးဆွဲနိုင်ရေး ဆောင်ရွက်ပြီး ထို့နောက် ရန်ကုန်တောင်မြောက်အပိုင်း ဆက်လက်၍ ဒလမြို့ဘက်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် ၂၀၃၅ ခုနှစ်တွင် ရန်ကုန်မြို့တွင်းမြို့ပြင် ပတ်ပတ်လည်ပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
" ကျွန်တော်တို့ကို ရှင်းပြတုန်းကတော့ အင်ဒိုဟာကို အဓိကထားပြီး JICA က လူကရှင်းပြတယ်။ ကျွန်တော်ထင်တာတော့ အင်ဒိုနီးရှားပုံစံမျိုး ဖြစ်လိမ့်မယ် ထင်တယ်။ ဒါ ကျွန်တော့်အထင်ပြောတာနော်။ သူတို့က အင်ဒိုကိုနမူနာကြည့်ပြီး အင်ဒိုမှာလေ့လာထားတာတွေ ပြောပြတယ်လေ။ အင်ဒိုနီးရှားကိုပဲအတုယူပြီး ပြောပြတာ။ ရှစ်တွဲနဲ့ ဆွဲမယ်လို့ သူပြောသွားတယ်။ လူဦးရေဘယ်လောက်ဆံ့မလဲတော့ ကျွန်တော်မမေးလိုက်မိဘူး" ဟု ဦးကျော်ဇေယျက ဆိုသည်။
ရန်ကုန်မြို့တွင် ခရီးသွားလာနေသော လူအရေအတွက်ကို လေ့လာမှုပြုလုပ်မည်ဖြစ်ပြီး ရလာသောရလဒ်အပေါ်တွင် အခြေခံကာ ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
" ၂၀၁၉-၂၀၂၀မှာ မြေတွေသိမ်းပြီး လမ်းကြောင်းတွေလုပ်မယ်။ ၂၀၂၁ခုနှစ်မှာ အခြေခံအဆောက်အုံ (Infrastructure) တွေ စတည်ဆောက်မယ်။ ၂၀၂၁ခုနှစ်မှာ ပြေးဆွဲနိုင်မယ်လို့ပြောတာမဟုတ်ဘူး။ စဆောက်မှာကိုပြောတာ။ အားလုံးပြီးတာကတော့ ၂၀၃၅မှာ ပြီးသွားမယ်။ သူတို့လမ်းကြောင်းအတိုင်း ပြေးတာတွေရောပေါ့" ဟု ဦးကျော်ဇေယျကဆိုသည်။
အဆိုပါမိုးပျံရထားလမ်းတွင် ပြေးဆွဲမည့်ရထားမှာ လျှပ်စစ်ရထားဟု သိရပြီး မီးမပြတ်ရန်အတွက်လည်း လျှပ်စစ်ဌာနနှင့် ညှိနှိုင်းကာ နားလည်မှုရှိရှိ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်းလည်း ဦးကျော်ဇေယျက ၎င်း၏လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက် တွင် ရေးသားထားချက်အရ သိရသည်။