ရထားစီး ခရီးသွားပြည်သူများသွားလာရေးအဆင်ပြေစေရန်အတွက်မိုင်အရှည် ၃၈၅ ဒသမ ၅ မိုင်ရှည်လျားသော ရန်ကုန်မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းရှိရထားလမ်းပိုင်းစီမံကိန်း(အဆင့် ၁) ဖြစ်သောရန်ကုန်-တောင်ငူလမ်းပိုင်းအရှည် ၁၆၆ မိုင်ကိုယနေ့မှစတင်ပြီး စီမံကိန်းအဆင့်မြင့်တင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ရာ ရန်ကုန်-တောင်ငူလမ်းပိုင်းရှိ ရထားလမ်းဘူတာ ၁၀ ခုကိုအသစ်ပြန်လည်တည်ဆောက် မည်ဖြစ်ကြောင်းမြန်မာ့မီးရထားမှသိရသည်။
ရန်ကုန်-တောင်ငူလမ်းပိုင်းရှိ ပဲခူး၊ ညောင်လေးပင်၊ ဖြူးအပါအဝင်တောင်ငူ-မန္တလေးလမ်းပိုင်းရှိ တောင်ငူ၊ ရေတာရှည်၊ ပျဉ်းမနား၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်၊ မြို့ဟောင်းဘူတာများကို အသစ်ပြန်လည်တည်ဆောက်သွားမည်ဖြစ်ပြီး ကျန်ဘူတာ ၈၉ ခုလုံးကိုလည်း မြန်မာ့မီးရထား၏အစီအစဉ်ဖြင့် အဆင့်ဆင့်ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဘူတာပတ်ဝန်းကျင်နယ်နိမိတ်များတွင်အုတ်ခြံစည်းရိုးကာရံခြင်းများနှင့်ဘူတာအဝင်လမ်းကောင်းမွန်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Level Crossing များကိုလည်းပိတ်သိမ်းခြင်း၊ ရှောင်လမ်း၊ခုံးကျော်တည်ဆောက်ခြင်းများကိုသက်ဆိုင်ရာတိုင်းဒေသကြီးအသီးသီးနှင့်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူးဦးဘမြင့် ကပြောကြားသည်။
ကားလမ်းခရီးများချောမွေ့လာခဲ့ခြင်းကြောင့်မြန်မာ့မီးရထားအနေဖြင့်ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများနှင့် ရထားစွမ်းဆောင်မှုမှာ ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင်ကျဆင်းခဲ့ပါသည်။
၁၉၈၈-၁၉၈၉ ခုနှစ်တွင်ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများမှာ မြန်မာ့မီးရထား၏ ဝင်ငွေ ၉၅ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ဝင်ငွေ ၉၂ ရာခိုင်နှုန်းသာရှိခဲ့ကာ ယခု ၂၀၁၈-၁၉ တွင်ဝင်ငွေ ၇၄ ရာခိုင်နှုန်းအထိကျဆင်းခဲ့သောကြောင့် ရထားလမ်းပိုင်းများအားအမြန်ဆုံးပြုပြင်ဆောင်ရွက်မျသာာ မြန်မာ့မီးရထား၏ အဆင့်အတန်းမြင့်မားလာမည်ဖြစ်ကြောင်းမြန်မာ့မီးရထားမှပြောကြားသည်။
ထို့ပြင် ရန်ကုန်- မန္တလေးရထားလမ်းပိုင်းမှာ မြန်မာ့မီး့ရထားဝင်ငွေ၏ ၅၈ ရာခိုင်နှုန်းကိုဝင်ငွေရှာပေးနေကြောင်းနှင့် လမ်းပိုးင်းအဆင့်မြှင့်တင်ဆောင်ရွက်မှသာလျှင် မြန်မာ့မီးရထားမှာ ဆက်လက်ရပ်တည်လာနိုင်မည်ဖြစ်ကြောင်းပြောကြားသည်။
လက်ရှိ ၁၅ နာရီကြာပြေးဆွဲနေသော ရန်ကုန်-မန္တလေးရထားတွဲဆိုင်းမှာ တစ်နာရီလျှင် ၃၈ မိုင်နှုန်းဖြင့်ပြေးဆွဲပေးလျက်ရှိပြီး ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းအဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးပါကရထားပြေးဆွဲချိန်ခရီးစဉ် ရှစ်နာရီသာကြာမြင့်မည်ဖြစ်ပြီး တစ်နာရီလျှင် ၆၂ မိုင်နှုန်းဖြင့် ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှအထွေထွေမန်နေဂျာ(သွားလာပို့ဆောင်ရေး)ဦးအောင်မြင့်လှိုင်ကပြောကြားသည်။
နှစ်ပေါင်း ၁၃၃ နှစ်ကြာသက်တမ်းရှိရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင်ပြေးဆွဲနေသော ရထားတွဲဆိုင်းများမှာ ရန်ကုန်၊ ပဲခူး၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ဖြတ်သန်းပြေးဆွဲနေရပြီး မြို့နယ်စုစုပေါင်း၂၃ မြို့နယ်ကိုဖြတ်ကာ တစ်နိုင်ငံလုံး၏ ၃၇ ရာခိုင်နှုန်းဖြစ်သောလူဦးရေ သန်း ၂၀ မှာလည်းယင်းလမ်းတစ်လျှောက်တွင် နေထိုင်လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။
Source: Kyeemon