ရန်ကုန်-သန်လျင်တံတားအမှတ်(၃)


27 October, 2020

ရန်ကုန်-သန်လျင် တံတားအမှတ်(၃) တည်ဆောက်ရေးစီမံကိန်းနှင့် ပတ်သက်၍ စီမံကိန်းဆိုင်ရာ ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှုဆန်းစစ်ခြင်း(ESIA) ဆောင်ရွက်ရန် ရှင်းလင်းပွဲကျင်းပခဲ့သည်။

ရန်ကုန်-သန်လျင် တံတားအမှတ်(၃) တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် စတင်ဆွေးနွေးနေကြောင်းသိရသည်။

၂၀၁၆ ခုနှစ်တွင် ဆောက်လုပ်ရေဝန်ကြီးဌာနနှင့် JICA တို့ပူးပေါင်း၍ တည်ဆောက်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

သန်လျင်တံတားအမှတ်(၁) ပေါ်တွင် ဖြတ်သန်းသွားလာမည့် မော်တော်ယာဉ်အရေအတွက်မှာ ၂၀၁၅ ခုနှစ်တွင် လွန်စွာများပြားလာမည်ဖြစ်ပြီး ယာဉ်တစ်စီးဖြတ်သန်းသွားလာမည့်ကြာချိန်မှာ ၈၈ မိနစ်ခန့်ဖြစ်နိုင်သည်။

ယာဉ်ကြောပိတ်ဆို့မှုမှာ အရှည် ၆ ဒသမ သုညကီလိုမီတာခန့်ရှိမည်ဖြစ်ပြီး လေးလမ်းသွားသန်လျင်တံတားအမှတ်(၃) တည်ဆောက်ပြီးစီးပါက ယာဉ်တစ်စီးချင်းစီဖြတ်သန်းသွားလာမည့်ကြာချိန်မှာ ခြောက်မိနစ်နှင့် ယာဉ်ကြောပိတ်ဆို့မှုမှာ အရှည် သုညဒသမ ၁၅ ကီလိုမီတာခန့်သာရှိမည်ဖြစ်ကြောင်းသိရသည်။

တံတားတည်ဆောက်ရာတွင် အများပြည်သူများ၊ စီမံကိန်းနှင့် သက်ဆိုင်သူများ၏ ထင်မြင်ချက်သဘောဆန္ဒများရယူပြီး ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အချက်များကို သန်လျင်တံတားအမှတ်(၃) တည်ဆောက်ရေးနှင့် လမ်းဆုံနေရာများ တိုးတက်ရေး စီမံကိန်းအစီအစဉ်ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားမည်ဟု သိရသည်။

ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုများကို လျှော့ချနိုင်ရေးအတွက် လိုအပ်မည့် မူဝါဒနှင့် စောင့်ကြည့်လေ့လာမည့် အစီအစဉ်ပါဝင်မည့် ထိခိုက်မှုလျော့ချရေးလုပ်ငန်းတွင် ရေးဆွဲပြင်ဆင်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

သန်လျင်တံတားအမှတ်(၃) ကိုရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တွင် ပဲခူးမြစ်ကိုဖြတ်၍ တည်ဆောက်သွားမည်ဟု သိရသည်။

ပင်မတံတားအရှည်မှာ ၁၉၂၈ မီတာ၊ သာကေတဘက်ခြမ်း ချဉ်းကပ်တံတား ၅၄၇ မီတာ၊ သန်လျင်ဘက်ခြမ်း ချဉ်းကပ်တံတား ၁၈၈ မီတာ၊ ပင်မတံတားအကျယ် ၂၄ မီတာလေးလမ်းသွားတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

လုပ်ငန်းစတင်လည်ပတ်မှုကို ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ခန့်မှန်းထားပြီး ၂၀၂၁ ခုနှစ် ဧပြီလတွင် ပြီးစီးနိုင်မည်ဖြစ်ကြောင်းသိရသည်။

Source: Myawaddy Newspaper

Infrastructure and Zones Read 103 times