မကြာမီ ရက်ပိုင်းက ကုမ္ပဏီတစ်ခုမှ စတီးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရန် ရန်ကုန်သီလဝါ အထူးစီးပွားရေးဇုန်တွင် အမေရိကန်ဒေါ်လာ ၈၅ သန်းရင်းနှီးမြှုပ်နှံမည့် စက်ရုံတစ်ရုံတည်ဆောက်မည် ဆိုသည့် သတင်းများထွက်ပေါ်လာသည်။
ပင်လယ်ရေကြောင်းထွက်ပေါက်ရှိသည့်သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ၊ကုမ္ပဏီများအများအပြားလာရောက်ရင်းနှီးမြှုပ်နှံလာသည်မို့
ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးအဖြစ်ရပ်တည်နေသည်။
နိုင်ငံတကာအဆင့်မီ စီးပွားရေး မြို့တော်တစ်ခုအဖြစ် အလျင်အမြန်တိုးတက်ရန် အရှိန်ယူနေသည့် ရန်ကုန်မြို့တော်သည် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံမှုကို ကြည့်လျှင် မြန်မာတစ်နိုင်ငံလုံး၏ ၇ဝရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။
ရန်ကုန်မြို့တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ဝန်ဆောင်မှုလုပ်ငန်း၊ပို့ဆောင်ရေးလုပ်ငန်းများအပြင် စက်မှုဇုန်များတွင်လည်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလာရောက်လုပ်ကိုင်မှုများ ရှိနေသည့်အတွက်
လုပ်ငန်းကဏ္ဍအသီးသီးတွင်ပြည်တွင်းပြည်ပ စီးပွားရေးကုမ္ပဏီများ အတွက် မျက်စိကျစရာဖြစ်စေနိုင်သည်။
ယခုဆိုလျှင်နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်အချို့မှ ရန်ကုန်မြို့တွင် ဟိုတယ်၊စက်မှုဇုန်နှင့် အခြားစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ကြရန် စိတ်ဝင်စားမှုများ၊အဆိုပြုလွှာများ တင်ထားကြသည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် စက်မှုဇုန်ပေါင်း ၂၉ ခု ရှိနေခြင်းသည် တစ်နိုင်ငံလုံး တွင်ရှိသည့် မြို့ကြီးများတွင် အများဆုံးပင်ဖြစ်သည်။
ရန်ကုန်မြို့အား နိုင်ငံတကာ အဆင့်မီ စီးပွားရေးမြို့တော်အဖြစ် ပီပီပြင်ပြင် အကောင်အထည်ဖော်နေသောကြောင့် စီမံမှုကော်မတီများ၊စည်းကမ်းဥပဒေချမှတ်မှုများ၊ပြုလုပ်နေသော်လည်း လိုက်နာမှု အားနည်းနေဆဲပင်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတကာအဆင့်မီ စီးပွားရေး မြို့တော်အသွင် သို့ပြောင်းလဲမည်ဆိုလျှင် သဘာဝပတ်ဝန်းကျင်မထိခိုက်မပျက်စီးရန်နှင့် ထုတ်ပြန်ထားသော ဥပဒေစည်းကမ်းနှင့်အညီ စီးပွားရေးလုပ်ငန်းရှင်များသည်
လိုက်နာအကောင်အထည်ဖော်ရန် စည်းရုံးကြိုးစားဖို့လည်း လိုအပ်နေသည်။
ကြိုတင်ခန့်မှန်းတွက်ချက်မှုများအရ ရန်ကုန်မြို့သည် လာမည့် ၂ဝ၃ဝ ပြည့်နှစ်တွင် လူဦးရေ ၁ဝသန်းခန့်ရှိလာနိုင်မည်ဖြစ်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ ဆိုလျှင်လူဦးရေ သည် Mega City အဆင့်ဖြစ်လာမည်ဖြစ်သည်။
ထိုသို့တိုးတက်များပြားလာမည့် လူဦးရေ၊ပိုမိုလာမည့် ရင်းနှီးမြှုပ်နှံမှုများ ရှိလာမည့် စီးပွားရေးလုပ်ငန်းများ၊ထိုအချက်မှာ လည်ပတ်မှု အရှိန်အဟုန်ကောင်းကောင်း ရရှိနေပြီဖြစ်သည့် သီလဝါစီးပွားရေးဇုန်နှင့်
လှိုင်သာယာ၊ရွှေပြည်သာစသော စက်မှုဇုန်များသည်လည်း အခြေအနေအရ ဖြည့်ဆည်း ပေးနိုင်မှုများအရ အခက်အခဲမရှိ လည်ပတ်နိုင်ပြီဖြစ်သောကြောင့်
ရန်ကုန်မြို့သည် နိုင်ငံတကာအဆင့်မီ စီးပွားရေးမြို့တော်အဖြစ် ရုပ်လုံးပေါ်လာမည်မှာ အမှန်ပင်ဖြစ်သည်။