Yoma Group တွင် ကန်ဒေါ်လာ ၂၃၇. ၅ သန်းရင်းနှီးမြှုပ်နှံမည့် ဖိလစ်ပိုင် ကုမ္ပဏီ


23 September, 2019

ဖိလစ်ပိုင်ကုမ္ပဏီဖြစ်သည့် Ayala က Yoma Group တွင် အမေရိကန်ဒေါ်လာ ၂၃၇ ဒဿမ ၅ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Yoma Group ၏ကုမ္ပဏီနှစ်ခုမှအသစ်ထုတ်ဝေပေးမည့်ရှယ်ယာများ၏ဈေးနှုန်းများအရ Yoma Strategic ၏ ရှယ်ယာတစ်စုလျှင် စင်ကာပူဒေါ်လာ ၄၅ ပြားဖြစ်ပြီး အဆိုပါဈေးနှုန်းသည် ၂၀၁၉ နိုဝင်ဘာလ ၁၂ ရက်တွင် အလေးတင်သတ်မှတ်ထားသောဈေးနှုန်းအပေါ် ပရီမီယံကြေး ၃၆ ဒဿမ ၅ ရာခိုင်နှုန်းကိုယ်စားပြုကြောင်း သိရသည်။

ဖိလစ်ပိုင်ကုမ္ပဏီ Ayala သည် Yoma Group တွင် အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံခြင်းသည် Yoma Strategic နှင့် FMI ကုမ္ပဏီတွင် ဒုတိယအကြီးဆုံးရှယ်ယာရှင်ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

“ မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေအတွက် Ayala နဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီကုမ္ပဏီရဲ့ ကျွမ်းကျင်မှုနဲ့ လုပ်ငန်းအတွေ့အကြုံတွေကိုယူပြီးတော့၊ လက်ရှိပြီးသားလုပ်ငန်းတွေ အလားအလာကောင်းတဲ့အခွင့်အလမ်းသစ်တွေကို မြန်မာနိုင်ငံမှာ ရှာဖွေလုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု Yoma Strategic နှင့် FMI ကုမ္ပဏီတို့၏အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ ဦးသိမ်းဝေက ပြောသည်။

ဦးသိမ်းဝေသည် မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များထဲမှ တစ်ဦးအပါအဝင်ဖြစ်ပြီး စတော့အိတ်ချိန်း လုပ်ငန်းအပါအဝင် ရန်ကုန်မြို့သစ်စီမံကိန်း၊ အိမ်ရာစီမံကိန်းအစရှိသည့် လုပ်ငန်းများစွာကို ဆောင်ရွက်နေသူဖြစ်ကြောင်း သိရသည်။

Local Read 50 times