ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း


06 December, 2020

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) တို့ပူးပေါင်းဆောင်ရွက်သည့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းအပိုင်း(၁)၏ပဲခူး-ညောင်လေးပင်လမ်းပိုင်း(CP-102)နှင့် ညောင်လေးပင်-တောင်ငူလမ်းပိုင်း(CP-103)တို့၏လုပ်ငန်းစတင်ခြင်းကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

        ရန်ကုန်-မန္တလေးရထားလမ်းဖောက်လုပ်ရေးစီမံကိန်း Phase-1 ကိုအပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်ရာ ပဲခူး-ညောင်လေးပင်လမ်းပိုင်းနှင့် ညောင်လေးပင်-တောင်ငူလမ်းပိုင်းတို့ကို စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းစတင်ခြင်းဖြစ်ကြောင်း အပိုင်းတစ်ပိုင်းစီ၏လုပ်ငန်းစတင်ချိန်ကို လေးနှစ်လျာထားပြီး ပထမနှစ်တွင် အင်ဂျင်နီယာလုပ်ငန်းများ အကြိုဆောင်ရွက်မည်ဖြစ်ပြီး နောက်သုံးနှစ်ကို အပိုင်းသုံးပိုင်းခွဲ၍ ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

        ပဲခူး-ညောင်လေးပင်လမ်းပိုင်းသည် (၄၆ ဒသမ ၂၅ မိုင်)ရှိပြီး ယခု ၂ဝ၁၈ -၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ပစ္စည်းစုဆောင်းခြင်း၊ဆိုက်ရုံးတည်ဆောက်ခြင်းစသည့် အင်ဂျင်နီယာလုပ်ငန်းများကို အကြိုဆောင်ရွက်မည်ဖြစ်ပြီးနောက်သုံးနှစ်ကို သုံးပိုင်းခွဲပြီးဆောင်ရွက်မည်ဖြစ်ကြောင်း၊ပြီးခဲ့သည့်အပိုင်းကိုရထားပြေးဆွဲရန်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ရန်ကုန်-မန္တလေးရထားလမ်းပိုင်းသည် အသွားတစ်လမ်းနှင့် အပြန်တစ်လမ်းဟူ၍ နှစ်လမ်းရှိသည့်အတွက် တစ်လမ်းကိုပိတ်ပြီးပြင်ကာ ကျန်တစ်လမ်းမှ ရထားပြေးဆွဲပေးမည်ဖြစ်သည်။

        ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းသည် ရန်ကုန်ဘူတာကြီးမှ မန္တလေးဘူတာကြီးအထိ ၃၈၅ မိုင် အကွာအဝေးရှိပြီး ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကုန်ကျခံကာ ရထားလမ်းပိုင်းပြုပြင်ခြင်းနှင့် DEMU ရထားတွဲ ၂ဝ၄ တွဲကိုဝယ်ယူမည်ဖြစ်ကြောင်းသိရသည်။

        ယင်းလမ်းပိုင်းစီမံကိန်းကို အပိုင်းနှစ်ပိုင်းဖြင့်ဆောင်ရွက်မည်ဖြစ်ရာ အပိုင်း(၁)အဖြစ် ရန်ကုန်-တောင်ငူ အပိုင်း (၁၁၆)မိုင်ကိုလေးနှစ်ဖြင့် အပြီးဆောင်ရွက်မည်ဖြစ်ပြီး ၂ဝ၁၈ ခုနှစ်တွင်လုပ်ငန်းစတင်ပြီး ၂ဝ၂၂ ခုနှစ်ပြီးဆုံးမည်ဖြစ်ကြောင်း အပိုင်း(၂)ဖြစ်သည့် တောင်ငူ-မန္တလေးအပိုင်း(၂၁၉)မိုင်ကို လေးနှစ်ဖြင့် အပြီးဆောင်ရွက်မည်ဖြစ်ပြီး ၂ဝ၁၉ ခုနှစ် တွင် စတင်ပြီး ၂ဝ၂၃ခုနှစ်တွင် ပြီးစီးအောင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Region Read 48 times