ပြည်ပရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန်အတွက် ရန်ကုန်တိုင်းရှိမြို့နယ် ၁၁မြို့နယ်တွင် အကောင်အထည်ဖော်မည့် စက်မှုဇုန်များရှိမြေများအားသင့်တော်သည့်နှုန်းဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပြောကြားခဲ့ကြောင်း မှော်ဘီမဲဆန္ဒနယ်(၁)ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်မှ ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းသို့ငှားရမ်းရာတွင် ရန်ကုန်တိုင်းတောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်ရှိမြို့နယ် ၁၁ခုတွင် စက်မှုဇုန်အကောင်အထည်ဖော်မည့် မြေများအား နှစ်ချုပ်ဖြင့် ငှားရမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်ကစက်မှုဇုန်မြေငှားရမ်းခများအား ပြည်ထောင်စုအစိုးရမှ ကိုင်ထားပြီးမှ ဒေသဖွံ့ဖြိုးရေးအတွက် ပြန်ခွဲပေးခြင်း ဖြစ်သည်။ယခုအချိန်တွင်မြေငှားရမ်းခအား တိုင်းအစိုးရမှ ကိုင်၍ဒေသဖွံ့ဖြိုးရေးအတွက် အသုံးချသွားမည်ဖြစ်သည်။
မြေငှားရမ်းခများအား သင့်တော်သည့်နှုန်းထားဖြင့် ငှားမည်ဖြစ်ပြီး အခမဲ့ မရနိုင်ကြောင်း အများဆုံးနှစ် ၅ဝသက်တမ်းဖြင့် ငှားမည်ဖြစ်သည်။စျေးနှုန်းမှာ ယခုထိမသတ်မှတ်ရသေးကြောင်း သိရသည်။
အချို့သော မြေနေရာများရှိ မြေကွက်များအား ပိုင်ရှင်ထံမှ ပြန်လည်ငှားရမ်း၍ စက်မှုဇုန်အကောင်အထည်ဖော်မည့် ကုမ္ပဏီများသို့အပ်နှံပြီး မြေကွက်ပြန်ဖော်မည်ဖြစ်ကြောင်း၊စက်မှုဇုန်အကောင်အထည်ဖော်မည့် မြို့နယ်များတွင် တစ်မြို့နယ်လျှင် ဧက တစ်ထောင်ခန့်အားအသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
သုံးခွမြို့နယ်အတွင်းရှိကားလမ်းမဘေး မြေတစ်ဧကလျှင် လက်ရှိကျပ် သိန်း၁ဝဝနှင့် ၁၅ဝခန့်ရှိကြောင်း၊အစိုးရမှ စက်မှုဇုန်အကောင်အထည်ဖော်မှုစီမံချက်ဖော်ဆော်သည့်မြေနေရာ A အဆင့်အား တစ်ဧကလျှင် သိန်း၆ဝ,B နှင့် C အဆင့်ရှိသည့်မြေတစ်ဧကလျှင် သိန်း ၄ဝ၊D အဆင့်ရှိသည့် မြေတစ်ဧကလျှင် သိန်း ၂ဝနှုန်းဖြင့် အစိုးရမှ သတ်မှတ်ထားကြောင်း သိရသည်။
စက်မှုဇုန်အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်ရှိ ခရမ်း၊သုံးခွ၊ကျောက်တန်း၊သန်လျင်၊ကွမ်းခြံကုန်း၊တိုက်ကြီးမြို့နယ်နှင့် မြောက်ပိုင်းခရိုင်ရှိ လှည်းကူး၊မှော်ဘီ၊တိုက်ကြီး၊ထန်းတပင်မြို့နယ်တို့အား ရွေးချယ်ထားကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်အရ လုပ်ငန်းများအားလုံးကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တိုက်ရိုက်မကိုင်တွယ်ပဲ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား အမေရိကန်ဒေါ်လာ ငါးသန်းအောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများအား ခွင့်ပြုမိန့်ပေးနိုင်ရန် ထည့်သွင်းရေးဆွဲထားပြီး ရင်းနှီးမြှုပ်နှံမှုကော်မတီများဖွဲ့၍ ခွင့်ပြုမိန့်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုခွင့်ပြုပေးနိုင်ရန် ၂ဝ၁၇ခုနှစ်ဇူလိုင်လမှ စ၍သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမှုကော်မတီများဖွဲ့စည်းခဲ့ပြီး အောက်တိုဘာလမှ စတင်ကာ လုပ်ငန်းများအား ခွင့်ပြုမိန့်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Source:The Voice